အဖော်မဲ့ ကလေးငယ်လေး နှင့် လေလွင့်ခွေးလေး မဲလုံး တို့ရဲ့ ကြေကွဲဖွယ် အဖြစ်အပျက်”…..

“တောက်၊ ကိုယ်မှ ဆင်းရဲလွန်းလို့ သူများခြံမှာအလုပ်လာလုပ်နေရတာကို ဘယ်ကခွေးလေခွေးလွင့်က ငါ့တဲအောက် ရောက်လာသလဲမသိဘူး ”

“ဂီး…ဂီး…”

“အောင်မာ၊ခွေးပေါက်စကများ။ ငါ့ကွပ်ပျစ်အောက်လည်း လာနေသေးတယ်။ ငါ့ကိုပြန်ပြီးလည်း ဟိန်းနေ သေးတယ်”

ဖိုးလုံးတို့သားဖနှစ်ယောက်အိပ်တဲ့ ကွပ်ပျစ်အောက်က ဘယ်ကရောက်လာမှန်းမသိတဲ့ ခွေးပေါက် စကို အဖေက ဒေါသတကြီး အော်ဟစ်နေတယ်။ အဖေက ဒေါသထွက်နေပေမယ့် ဖိုးလုံးကတော့ ပျော်နေ တယ်။ တစ်ကိုယ်လုံး မဲနက်နေတဲ့ ခွေးလေးကို ဖိုးလုံးနဲ့နာမည်ချင်း ဆင်အောင်လို့ မဲလုံးလို့ စိတ်ထဲက နေတောင် နာမည်ပေးပြီးပြီ။ ဖိုးလုံးဘဝ မှာက အဖေပဲရှိတာ။ အဖေ ဖရဲခင်းထဲ အလုပ်ဆင်းတဲ့အချိန်ဆို ဖိုးလုံးတစ်ယောက်တည်း သည်တဲမှာ နေခဲ့ရတာ။

“ကိုယ်မှ သားဖနှစ်ယောက် ငတ်တစ်လှည့် ပြတ်တစ်လှည့်။ အရက်ဖိုးတောင် အနိုင်နိုင်ရယ်။ ဘူးလေးရာ ဖရုံဆင့်။ ရိုက်ထုတ် ပစ်ဦးမယ်”

အဖေပြောတဲ့ ဘူးလေးရာ ဖရုံဆင့် ဆိုတဲ့စကားကို ဖိုးလုံး နားမလည်ပါဘူး။ ငတ်တစ်လှည့် ပြတ် တစ်လှည့် ဆိုတာကိုတော့ ဖိုးလုံးသိတယ်။ အမေ့ကို မတွေ့ရတော့တဲ့နေ့ကစပြီး ဖိုးလုံး ထမင်းကို နပ်မှန် အောင် မစားရတော့ ဘူး။ စားရရင်လည်း ငါးပိချက်တို့၊ ရှူးရှဲလက်ဖက်နှပ်တို့နဲ့ပဲ စားရတာ။ တစ်ခါတလေ ဆန်ပြုတ်ရည်ကျဲကျဲကို မဝတဝ သောက်ရတယ်။ အမေ ဘယ်တော့ ပြန်လာမှာလဲလို့ အဖေ့ကိုမေးရင်

“မျှော်မနေနဲ့။ မင်းအမေ နောက်လင်ရသွားပြီ” လို့အဖေကဒေါသတကြီးပြောတယ်။ နောက်လင်ဆိုတာ ဘာလဲလို့ ဖိုးလုံး မသိပေမယ့် ဒေါသထွက်နေတဲ့ အဖေ့ကို ဆက်ပြီးမမေးရဲတော့တာ ဒီနေ့ထိပဲ။ အမေက နောက်လင်ဆိုတဲ့ လူကြီးနဲ့ လိုက်သွားပြီး ဖိုးလုံးအတွက် မုန့်တွေ သွား ဝယ်တာနေမှာလို့ ဖိုးလုံး ဖာသာ တွေးပစ်တယ်။

အဲဒီအချိန်ကတည်းက အဖေက ဖိုးလုံးထက် အရက်ကို ပိုချစ်သွား တယ်လို့ ထင်တာပဲ။ အရက်မမူးရင် ဖိုးလုံးကိုချစ်ပေမဲ့ မူးလာတဲ့ညတိုင်း မင်းအမေနောက်ကို လိုက်သွားဆိုပြီး ရိုက် တတ်တယ်။ အဖေ ခြေသံပြင်းပြင်း နင်းလာပြီး အရက်နံ့တထောင်းထောင်းနံ နေတဲ့ညတွေဆိုရင် ဖိုးလုံးက အရိုက်ခံ ရမှာကြောက်လို့ အိပ်ချင်ယောင်ဆောင်နေပစ်လိုက်တာပဲ။

အဖေက ဝါးရင်းတုတ် ကောက်ကိုင်လိုက်တော့ ကွပ်ပျစ်အောက်ကနေ မဲလုံး ထွက်ပြေးသွားတယ်။ အဖေက ကွပ်ပျစ်ဘေး ဝါးရင်းတုတ် ပစ်ချပြီး တဲခြေရင်းက မီးဖိုဆီသွားတယ်။

“မောင်စိုးရေ မနက်စာ စားပြီးပြီလားဟေ့ ဖရဲခင်းထဲ သွားရအောင် ဒီနေ့ ဖရဲသီးအကင်းတွေကို ဆေးဖြန်းရ မယ်လို့ သာကောကြီးက ပြောတယ်”

ဦးမောင်ရဲ့ခေါ်သံကြားတော့ အဖေက ထမင်းနဲ့ငါးပိရည်ကို ဇလုံထဲမှာနယ်နေတုန်း။

“ခဏ ကိုဘမောင်ရေ။ ထမင်းစားရင်း ကိုယ်စောင့်နတ်ကို ပူဇော်ပသလိုက်ဦးမယ်”

အဖေပြောတဲ့ ကိုယ်စောင့်နတ်ကို ပူဇော်တယ်ဆိုတာ နံနက်လင်းလာတိုင်း အရက်တစ်ပိုင်း သောက် တာ။ ရွာမှာနေတုန်းက အဖေက ကိုယ်စောင့်နတ်ပူဇော်တော့ သားရော ပူဇော်ရမှာလားလို့ မေးတော့ အဖေ က တဟားဟားရယ်ပြီး “သားလည်း အဖေ့အရွယ် ရောက်ရင် ပူဇော်ရမှာပေါ့” တဲ့။အဖေက ထမင်းစားပြီး အရက်ကို မြန်မြန်မော့တယ်။

“ဖိုးလုံး မင်းအတွက်ဇလုံထဲမှာ နံနက်စာနယ်ခဲ့ပြီ။ နေ့လယ်စာလည်း ချက်ခဲ့ပြီးသား။ ကိုယ့်ဖာသာ စားနှင့် လိုက်တော့။ ညစာကိုတော့ အဖေပြန်လာမှချက်မယ်”

အဖေ ဖရဲခင်းဘက် ထွက်သွားတဲ့အချိန် ဖိုးလုံး ဆားနဲ့ပလုတ်ကျင်းလို့ မျက်နှာသစ်ပြီးပြီ။ တဲဘေး မှာ တင်ထားတဲ့ အဖေ့ပုဆိုးနဲ့ မျက်နှာသုတ်ပြီး အဖေနယ်ပေးခဲ့တဲ့ ထမင်းဇလုံကို ကိုင်လို့ ဝမ်းသာအားရနဲ့ တဲအပြင်ဘက်ပြေးထွက်လာမိတယ်။ စောနကတွေ့တဲ့ မဲလုံးကို လိုက်ရှာရမယ်လေ။

” ဂူ..ဂူး.. တောက်တောက် ဂူး..ဂူ..”

ဖိုးလုံးခေါ်သံမှမဆုံးသေးဘူး။ မဲလုံးက အမြီးလေးတနန့်နန့်နဲ့ ဖိုးလုံးဆီကို ပြေးလာတယ်။ ထမင်း တွေကို ဖိုးလုံးတစ်ဝက် မဲလုံးတစ်ဝက် ခွဲပြီး စားပစ်တယ်။ အဖေသိရင်တော့ ဖိုးလုံးကို ဆူဦးမှာပဲ။

“သည်တဲမှာ ဖိုးလုံးတစ်ယောက်တည်း နေရတာ သိပ်ပျင်းတာပဲ။ အဖေနဲ့ ဒီခြံကြီးထဲက လူတွေက မနက် လင်းလာရင် ဖရဲခြံထဲအလုပ်ဆင်းကြ။ ညနေပိုင်းဆိုရင် အရက်ဝိုင်းသောက်ကြနဲ့။ ဖိုးရှမ်းနဲ့ကတုံးတို့လို ဖိုးလုံးနဲ့လည်း အတူတူမကစားပေးကြဘူး အဖေ့ကို ဒီခြံထဲမှာအလုပ်ပေးတဲ့ သာကောဆိုတဲ့ အသားဖြူဖြူ ဝတုတ်တုတ် လူကြီးကို ဖိုးလုံးဖြင့်သိပ်မုန်းတာပဲ သိလား။ သူ့ခြံထဲမှာ အဖေ အလုပ်ရလို့ ဖိုးလုံး တစ်တန်း နဲ့ကျောင်းထွက်ခဲ့ရတာ။ ကတုံးတို့အိမ်မှာ ကြည့်နေကျ ဖိုးလုံးအရမ်းကြိုက်တဲ့ စွမ်းအားရှင် မျောက်မင်းဇာတ် ကားလည်း ဒီခြံထဲရောက်ကတည်းက မကြည့်ရတော့ဘူး”

မဲလုံးလေး နားလည်လား နားမလည်ဘူးလားတော့ ဖိုးလုံးမသိဘူး။ မဲလုံးကို ဖိုးလုံး ပြောချင်တာတွေ ပြောလိုက်ရတော့ ရင်ထဲမှာရှင်းသွားတာပဲ။ မဲလုံးလေးကတော့ ဖိုးလုံးပေါင်ပေါ်မှာ အမြီးလေးတနန့် နန့် လှုပ် လို့။

နေပူလာတော့ ဖိုးလုံး ရေချိုးချင်လာတယ်။ အလုပ်သမားတွေ နေတဲ့ တဲတွေကိုဝေ့ပတ်ပြီး သာကော ကြီးနေတဲ့ တဲနားက မြောင်းငယ်လေး ဘက်ဆီကို မဲလုံးနဲ့အတူ ထွက်လာမိတယ်။

“ဟေ့ ဖိုးလုံး ရေတွင်းနားမှာ မကစားနဲ့ ။ ရေတွင်းထဲ ပြုတ်ကျတတ်တယ်။ တခြားမှာသွားကစား”

ရေတွင်းနားကတဲမှာနေတဲ့ ဘဘလှိုင်က ဖိုးလုံးကိုမြင်တော့ လှမ်းအော်တယ်။

“ဟုတ်၊ ဘဘလှိုင်၊ ရေတွင်းနားမှာ မကစားပါဘူး ဖိုးလုံးမြောင်းလေးထဲ ရေသွားချိုးမလို့ပါ။ ဖိုးလုံးမှာ သူငယ် ချင်း ရပြီသိလား။ မဲလုံးတဲ့”

” ဝုတ်.. ဝုတ်..”

“ဟ မင်းခွေးက တယ်စွာပါလား။ ချစ်စရာလေးဟေ့။ သူ့ကို ကျွေးဖို့ဘလှိုင်တဲက ထမင်းကျန်ဟင်းကျန်ကို နေ့တိုင်းလာယူဟေ့”

ကြည့်လေ။ အဖေသာ မဲလုံးကို မောင်းထုတ်ချင်နေတာ။ ဘဘလှိုင်ဆို ဖိုးလုံးအတိုင်းပဲ။ မဲလုံးကို မြင်မြင်ချင်း ချစ်တယ်။ ဒီခြံထဲမှာ အဖေပြီးရင် ဘဘလှိုင်ကို ဖိုးလုံးအချစ်ဆုံးပဲ။ ဘဘလှိုင်က အရက်မ သောက်တတ်ဘူး။ဖိုးလုံးကိုလည်း မုန့်တွေခဏ ခဏ ကျွေးတယ်။

မဲလုံးနဲ့အတူ မြောင်းလေးထဲမှာ ရေချိုးပြီး တဲကိုပြန်လာခဲ့တယ်။ နေ့လယ်စာကိုလည်း တစ်ယောက် တစ်ဝက် ခွဲစားကြတယ်။ ဖိုးလုံးပြောသမျှကို မဲလုံးလေးက အမြီးလေးလှုပ်ပြီး နားထောင်ပေး တယ်။ မဲလုံးနဲ့ ပြေးတမ်းလိုက်တမ်းကစားလိုက်၊ မောလာတဲ့အခါ ကွပ်ပျစ်ပေါ် အတူတူအိပ်လိုက်နဲ့ နေဝင်သွားတာတောင် ဖိုးလုံးမသိလိုက်ဘူး။

“ဝုတ်..ဝုတ်..”

“အောင်မယ် ခွေးပေါက်စက ငါ့တဲထဲလည်းနေသေး ငါ့ကိုလည်းဟောင်သေး၊ ရိုက်သတ်ပစ်မယ်”

အဖေက ပြောပြောဆိုဆို ဝါးရင်းတုတ်ကောက်ကိုင်လိုက်တယ်။

“မဲလုံးကိုမောင်းမထုတ်ပါနဲ့ အဖေရယ်။ ဖိုးလုံး အဖော်မရှိလို့ပါ။ ဖိုးလုံးစားတဲ့အထဲက မဲလုံးကိုကျွေးပါ့မယ်”

“မဲလုံးတဲ့၊ မင်းကနာမည်တောင် ပေးထားပြီပေါ့။ လာလာချည်သေး။ မင်းနဲ့ငါတောင် အရင်က ထမင်းနပ် မှန် ခဲ့လို့လား။ အခု မင်းပထွေးတရုတ်က တစ်ရာသီစီမံကိန်းနဲ့ ဖရဲသီးလာစိုက်လို့ နေ့တိုင်း အလုပ်ရနေတာ။ အဲဒီတရုတ်က နောက်သုံးလလောက်နေလို့ ဖရဲသီးတွေရင့်တဲ့အခါ ပြန်ကြတော့မှာကွ။ ငါတို့ ရွာထဲ ပြန် ရောက်လို့ အလုပ်မရှိတဲ့အခါ အရင်လိုငတ်ငတ်ပြတ်ပြတ် ဘဝကို ပြန်ရောက်ဦးမှာ”

မဲလုံးကို မောင်းမထုတ်ဖို့ အဖေ့ကိုဆက်ပြီးတောင်းပန်ချင်ပေမဲ့ ဖိုးလုံးပါးစပ်က အသံထွက် မလာ တော့ဘူး။ ဖိုးလုံးပါးမှာတော့ မျက်ရည်တွေ အလိုလိုစီးကျလာတယ်။ မဲလုံးသာ စကားပြောတတ်ရင် သူ့ကို မောင်းမထုတ်ပါနဲ့၊ ဖိုးလုံးနဲ့ အအတူနေခွင့်ပေးပါလို့ ကူပြောနေမလားပဲ။

“ကဲကဲ ငိုမနေနဲ့။ မွေးချင်ရင်လည်းမွေးထား။ ငါတော့ မင်းခွေးကိုကျွေးဖို့ ထမင်းပိုပြီးမချက်နိုင်ဘူး။ တခြား တဲတွေဆီက ထမင်းကျန်ဟင်းကျန်တွေကို မင်းနေ့တိုင်းလိုက်သယ်”

မဲလုံးကိုမွေးဖို့ အဖေ့ဆီက ခွင့်ပြုချက်ရတော့ ဖိုးလုံးပျော်လိုက်တာလေ။ မဲလုံးနဲ့သာ အတူနေရမယ် ဆိုရင် ဖိုးလုံးရွာကိုလည်း မပြန်ချင်ပါဘူး။ ဖိုးလုံး တက်ချင်တဲ့ ကျောင်း ဆက်မတတ်ရလည်း ဖိုးလုံး ဝမ်းမ နည်းတော့ပါဘူး။

ဖရဲခြံထဲက ဖရဲသီးတွေ တဖြည်းဖြည်း ရင့်မှည့်လာသလို မဲလုံးလေးလည်း ထွားကျိုင်းလာပြီ။ ဖိုးလုံး သင်ပေးတဲ့ ကကြီးခကွေးတွေကို မဲလုံးက မဆိုတတ်ပေမဲ့ လယ်တောက ကြွက်တွေ တောထဲက ယုန်တွေ ကိုတော့ ဖမ်းတတ်နေပြီ။ ဖိုးလုံးလည်း ဖိုးရှမ်းတို့ ကတုံးတို့ကို မေ့စပြုလာပါပြီ။ နေ့တိုင်းနေ့တိုင်း မဲလုံးနဲ့အ တူ ကြွက်တွေ၊ ယုန်တွေ လိုက်ဖမ်းရတာ ဖိုးလုံးဖြင့် မမောနိုင်ဘူး။

အတူတူသာဆိုတာ မဲလုံးက ဖိုးလုံးထက်ပို ပြီး ပင်ပန်းတယ်။ မဲလုံးယက်တဲ့ ကြွက်တွင်းကမြေတွေကို ဖိုးလုံးကဘေးကို ဖယ်ပေးရုံပဲ။ ယုန်လိုက်ရင် လည်း မဲလုံးကပဲ ပြေးလိုက်နိုင်တာ။ ဖိုးလုံးက ယုန်တွေ ထွက်ပြေးဖို့ ခြောက်လှန့်ရုံလောက်ပဲ တတ်နိုင်တာ။

အဖေက မဲလုံးကိုသာ ကြည့်မရတာ။

ဖိုးလုံးနဲ့မဲလုံးပြန်လာလို့ အတူပါလာတဲ့ ကြွက်တွေ ယုန်တွေ ကိုမြင်ရင် “မင်းခွေးကမိုက်သဟ” ဆိုပြီး ပြုံးဖြီးနေတာပဲ။ အဖေက ဖိုးလုံးကို ကြွက်တွေမီးဖုတ်ပြီး အရေခွံ ခွာနည်း သင်ပေးတယ်။ အဖေက ကြွက်အူတွေ၊ ယုန်အူတွေကျတော့ မဲလုံးကို ကျွေးတယ်။ အသားတွေ၊ အသည်းတွေကျတော့ ကြော်ထားပြီး တစ်ဝက်ကို အရက်နဲ့မြည်းဖို့ယူသွားတယ်။ ကျန်တဲ့တစ်ဝက်ကို ထမင်းနဲ့ စားဖို့ ချန်ခဲ့တတ်တယ်။

အဖေအရက် သွားသောက်တဲ့အချိန် ဖိုးလုံးကတော့ အသားတွေကိုခိုးပြီး မဲလုံးကိုကျွေးပစ်တာပဲ။ ဟုတ်တယ်လေ။ ကြွက်တွေ၊ ယုန်တွေကို မဲလုံး ရှာလာတာကိုး။ မဲလုံးက အပင် ပန်းဆုံး။ ခွဲဝေစားရမယ်ဆိုရင် မဲလုံးကတောင် အများကြီး စားရမယ်လို့ ဖိုးလုံး ထင်တာပဲလေ။

ဖိုးလုံးနဲ့ မဲလုံးကသိပ်ချစ်ကြတာ။ ဘယ်သွားသွားအတူတူပဲ။ရေချိုးလည်း အတူတူ။ အမဲလိုက်လည်း အတူတူ။ အဖေမရှိတဲ့အချိန်ဆို ကွပ်ပျစ်ပေါ်အိပ်လည်း အတူတူ။ ညဆိုရင် အဖေကဆူလို့သာ မဲလုံးနဲ့ အတူတူမအိပ်ရတာ။ နောက်ဆုံး ဖိုးလုံး တောထိုင်(မစင်စွန့် )တဲ့အခါ မဲလုံးက အမြီးလေးတနန့်နန့်နဲ့ ချုံ ပုတ်နားက စောင့်နေတတ်သေးတာ။

ဖိုးလုံးနဲ့ ဘဘလှိုင်ကလွဲပြီး မဲလုံးကို ဘယ်သူမှ ကိုင်လို့ မရဘူး။ အဆိုးဆုံးကတော့ အဖေတို့ အလုပ်ရှင် သာကောဆိုတဲ့လူကြီးပဲ။ အဲဒီသာကောကြီးကိုမြင်တိုင်း မဲလုံးက ထိုးပြီးဟောင်တာ။ ရပ်ကို မရပ်တော့ဘူး။ မဲလုံးဟောင်တိုင်း သာကောကြီးက “ဖိုးလုံးခွေးက ခွေးကောင်းလေးဟေ့၊ အဲလိုဟောင်မှ ငါကကြိုက်တာ။ ငါတရုတ်ပြည်ပြန်ရင် ခေါ်သွားချင်တယ်ဟေ့” လို့ပြောတတ်တယ်။ မဲလုံးလေးကို ခေါ် သွားချင်တယ်လို့ပြောတဲ့ သာကောကြီးကို ဖိုးလုံး မုန်းလိုက်တာလေ။

ဒီညနေ အဖေ့မျက်နှာမကောင်းဘူး။ ဘာဖြစ်လို့လဲလို့မေးကြည့်တော့ အဖေက “အဖေတို့ ရွာထဲ ပြန်ရတော့မယ်ကွာ။ ဖရဲသီးတွေအားလုံးခူးပြီးပြီ။ မနက်ဖြန် ကုန်ကားကြီးတွေလာရင် ဖရဲသီးတွေ အားလုံး တင်ပြီး သာကောကြီးက တရုတ်ပြည်ကို ပြန်တော့မှာ။နောက်နှစ် ဒီလိုအချိန်မှ ပြန်လာမှာ”လို့ ပြောတယ်။ တရုတ်ပြည်ကဘယ်နားမှာလဲလို့ မေးတော့

“တရုတ်ပြည်ဆိုတာ မင်းခဏခဏပြောနေတဲ့ မျောက်မင်း ဝူခုန်းနေတဲ့ နေရာ”တဲ့။ သာကောကြီးကို မုန်းပေမယ့် ဖိုးလုံးလေ မဲလုံးနဲ့အတူတူ တရုတ်ပြည်ကို လိုက်ပြီး မျောက်မင်းနဲ့တွေ့ချင်တယ်။ မျောက်မင်းစားတဲ့ သစ်သီးတွေ၊ မုန့်တွေ၊ ကြက်ကောင်လုံးကြော်တွေကို မဲလုံးနဲ့အတူတူ စားချင်လိုက်တာ။

“ငါ့သား၊ အဖေပြောမယ်။ သာကောကြီးက မဲလုံးလေးကို တရုတ်ပြည်ခေါ်သွားချင်လို့တဲ့”

“ဗျာ..၊ မပေးနိုင်ပါဘူး၊ မဲလုံးနဲ့မခွဲနိုင်ဘူး။ မဲလုံးမရှိရင် သားက ဘယ်သူနဲ့ ကစားရမှာလဲ”

“သားသေချာစဉ်းစားပေါ့။ အဖေက ရွာကိုပြန်ရင် အရက်သမားဆိုတော့ အလုပ်မငှားကြတော့ဘူး။ အဲကျရင် မင်းနဲ့အဖေ ထမင်းနပ်မှန်အောင် စားရမှာမဟုတ်ဘူး။

မဲလုံးကိုသာ သာကောနဲ့ ထည့်လိုက်ရင် မျောက်မင်းဇာတ်ကားထဲက အစာတွေ နေ့တိုင်းစားရမှာ။ ရွာမှာ ကတုံးတို့ရှိတာပဲကွာ၊ သူတို့နဲ့ကစားပေါ့”

သားပါတရုတ်ပြည်ကို လိုက်သွားမယ်လို့ပြောတော့ အဖေက တဟားဟားရယ်ပြီး “သာကောကြီး က မဲလုံးကိုပဲ ခေါ်ချင်တာ”လို့ ပြောတယ်။ ဖိုးလုံး စဉ်းစားကြည့်တယ်။ ဟုတ်တယ်။ ရွာပြန်ရောက်ရင် ထမင်းနပ်မှန်ဖို့မပြောနဲ့ ဆန်ပြုတ်ရည်ကျဲကျဲတောင် ဗိုက်ဝအောင် မသောက်ရဘူး။ ဖိုးလုံးက အငတ်ခံ နိုင်ပါတယ်။ မဲလုံးကိုတော့ ထမင်းဝဝ စားစေချင်တယ်။ နောက်ပြီး တရုတ်ပြည်ဆိုတာ မျောက်မင်းနေတဲ့ နေရာဆိုတော့ ဖိုးလုံးအသွားချင်ဆုံးနေရာ။ ဖိုးလုံးရင်တွေ မွန်းကျပ်လိုက်တာ မဲလုံးရယ်။

“မဲလုံးရေ၊ ဂူး..ဂူ.. ဂူး..ဂူ..”

ဖိုးလုံးရဲ့ခေါ်သံ ကြားတယ်ဆိုရင်ပဲ မဲလုံးက အမြီးတနန့်နန့်နဲ့ပြေးလာတယ်။ ဖိုးလုံးလက်ထဲမှာ တော့ အဖေ သာကောကြီးဆီက ယူလာတဲ့ ခွေးလည်ပတ်နဲ့ ကြိုးတစ်ချောင်း။ မဲလုံးလည်ပင်းကို လည် ပတ်ပတ်ပေးရင်း “မဲလုံး၊ ငါ မင်းနဲ့ ခွဲရတော့မယ်သိလား” လို့ပြောတော့ ဖိုးလုံးမျက်ရည်တွေ အလိုလို စီးကျလာတယ်။ မဲလုံးကိုလည်း ခပ်တင်းတင်းပွေ့ဖက် ထားမိတယ်။ မဲလုံးကတော့ အမြီးလေး တနန့်နန့် လုပ်ရင်း ဖိုးလုံးပါးကို သျှာနဲ့သပ်လို့။

“သားရာ ငိုမနေနဲ့တော့။ မဲလုံးလေး ကောင်စားဖို့ပဲကွာ။သားညစားဖို့ ထမင်းနဲ့ဟင်းချက်ခဲ့ပြီ။ ဒီည သာကောကြီးက အဖေတို့အလုပ်သမားတွေကို နှုတ်ဆက်ပွဲ လုပ်ပေးမလို့။ အဖေ့ကို မစောင့်နဲ့။ ထမင်းစား ပြီး အိပ်နှင့်တော့”

အဖေက မဲလုံးလေးကို ကြိုးနဲ့ဆွဲခေါ်သွားတယ်။ ဖိုးလုံးမှာ ထမင်းစားချင်စိတ်လည်း မရှိပါဘူး။ ဖိုးလုံးဆီ မဲလုံးလေး ရောက်လာတဲ့နေ့ကစပြီး မဲလုံးနဲ့အတူစား အတူသွား အတူကစားခဲ့တာတွေကိုပဲ မျက်လုံးထဲမြင်ယောင်ပြီး မျက်ရည်တွေ အလိုလိုစီးကျလာပြန်တယ်။

“ဝုတ်..ဝုတ်..ဂိန်..ဂိန်..”

မဲလုံးရဲ့ ဟောင်သံနဲ့အတူ နာကျင်စွာ အော်ညည်းသံကိုကြားရတယ်။ ဒါ ဖိုးလုံးမုန်းတဲ့ သာကော ဆိုတဲ့လူကြီးက သူ့ကိုဟောင်လို့ မဲလုံးကိုရိုက်လိုက်တာနေမှာ။ မဖြစ်ဘူး။ သာကောကြီးက နေ့တိုင်း ရိုက် လိမ့်မယ်။ မဲလုံးကို တရုတ်ပြည် မထည့်တော့ဘူး။ မဲလုံးဖို့ ရွာထဲက အိမ်တွေမှာ ထမင်းကျန်ဟင်းကျန် တွေ နေ့တိုင်း လိုက်တောင်းမယ်။ ဟုတ်တယ်။ မဲလုံးနဲ့ မခွဲတော့ဘူး။

သာကောကြီးနေတဲ့ တဲဆီအမြန်ဆုံး ရောက်ဖို့ ဖြတ်လမ်းအတိုင်း ဖိုးလုံး ပြေးသွားမိတယ်။ နေဝင်မိုးချုပ်ဆိုတော့ မမြင်မစမ်းနဲ့ ကန်သင်းပေါင် တွေပေါ်မှာ ဖိုးလုံး ခလုတ်တိုက်ပြီး ခဏခဏ လဲတယ်။ ခြေတွေလက်တွေပေါက်ပြဲပြီး နာတဲ့ဒဏ်ရာထက် ဖိုးလုံးရင်ထဲက တစ်ဆို့ဆို့အပူလုံးကြီး ရောက်နေတာ ပိုခံရခက်တယ်။

“ဂိန်..ဂိန်..”

မဲလုံးရဲ့ နာကျင်စွာ အော်ညည်းသံကို ကြားရပြန်တယ်။ သာကောကြီးက ရိုက်နေတာနေမှာ။ “မဲလုံးရေ လာခေါ်နေပြီနော်” ဖိုးလုံး အဆက်မပြတ် အော်ပြောနေမိတယ်။ ရင်ထဲက အပူလုံးကြီးက တဖြည်းဖြည်း လိပ်တက်လာပြန်တယ်။ ဖိုးလုံး ရင်တွေ ပူလိုက်တာ။ ဖိုးလုံးတော့ သာကောကြီးတဲကို ရောက်ဖို့သာ အားကုန်ပြေးမိတော့တယ်။

သာကောကြီးရဲ့ တဲအရှေ့မှာ ဖရဲခင်းက အလုပ်သမားတွေက အရက်ပုလင်းကိုယ်စီနဲ့။ အဖေနဲ့ သာကောကြီးက မီးဖိုအရှေ့မှာ။

“သာကောကြီး၊ ကျုပ်သားက မဲလုံးကို သိပ်ချစ်တာဗျ။ သူက ပေးချင်တာ မဟုတ်ဘူး။ မဲလုံးလေး အစား အသောက်ကောင်းတွေ နေ့တိုင်းစားရမယ်ပြောပြီး မနည်းတောင်းလာရတာ။ ခုချိန်ဆို ကျုပ်သား ငိုနေ လောက်ပြီ”

အဖေ့ရဲ့ အာလေးသျှာလေးအသံကြားလို့ ဖိုးလုံးခြေလှမ်းရပ်ပြီး ဆက်နားထောင်နေမိတယ်။

“အေးပါ မောင်စိုးရာ။ ငါမင်းကို အရက်ဖိုးပေးပါ့မယ်။ ဖိုးလုံးလေးဖို့လည်း မုန့်ဖိုးပေးလိုက်မယ်။ ငါက ဒီလို အဟောင်သန်တဲ့ခွေးမှ ပိုကြိုက်တာကွ။ ဟဲ ဟဲ”

အမှောင်ရိပ်ထဲက ဖိုးလုံးကို မမြင်ဘဲ ဖိုးလုံးအကြောင်းကို ပြောနေကြတယ်။ ဖိုးလုံးနှာခေါင်းထဲ ညှော်နံရသလိုပဲ။ ဖိုးလုံး ကြွက်တွေကို အရေခွံခွာဖို့ မီးမြှိုက်တဲ့အခါ ရတဲ့အနံမျိုးပဲ။ သာကောကြီး လက်ထဲ သေချာကြည့်မိတော့ မဲလုံးကို ခြေနှစ်ချောင်းကကိုင်ပြီး မီးဖိုထဲ ထည့်နေတာ။ တလိပ်လိပ်တက်လာတဲ့ အပူလုံးကြီးက ရင်ဘက်ထဲမှာ ကွဲထွက်သွားပြီး ဖိုးလုံးတစ်ကိုယ်လုံး ပြန့်သွားသလိုပဲ။

“ဟာ”

“မဲလုံးကို မလုပ်ကြပါနဲ့ဗျာ”

ဖိုးလုံး အာခေါင်ခြစ်ပြီး အော်လိုက်မိတယ်။ မဲလုံးကို မီးမြှိုက်ပြီး အရေခွံခွာဖို့ ကြိုးစားနေတဲ့ အဖေနဲ့ သာကောကြီးကို တွန်းထုတ်ပြီး မဲလုံးကို ပြေးဖက်ထားမိတယ်။

“ခင်ဗျားတို့က လူယုတ်မာတွေ။ မဲလုံးကို ဖိုးလုံးပြန် ခေါ်သွားတော့မယ်”

“ဟီး..ဟီး..”

အဖေ မူးပြီး ရိုက်မှာကိုလည်း ဖိုးလုံး မကြောက်တော့ပါဘူး။ အဖေက ဖိုးလုံးထင်ထားသလို ရိုက် လည်း မရိုက်ဘူး၊ ဆူလည်း မဆူဘူး။ မဲလုံးလေးကို ခပ်တင်းတင်း ဖက်ထားရင်း အေးစက်နေတဲ့ ဖိုးလုံးရဲ့ လက်တွေနဲ့ ပွတ်သပ်နေမိတယ်။ လူတွေအားလုံးက ဖိုးလုံးကို ဂရုမစိုက်ကြပါဘူး။ သူတို့ဖာသာ အရက် သောက်နေကြတယ်။

“အမယ်လေး မောင်စိုးရေ မင်းတော့ကိုယ်ကျိုးနည်းပြီ”

ဘဘလှိုင်က အော်ငိုပြီး ပြေးလာတယ်။

“ငါနဲ့ မောင်မျိုး ညစာစားရင်း ရေတွင်းဘက်ကအသံကြားလို့ ပြေးကြည့်တာ။ ရေတွင်းထဲကို ဓာတ်မီးနဲ့ ထိုးကြည့်တော့ ဖိုးလုံးလေးကွာ ရေတွင်းထဲမှာ ယက်ကန်ယက်ကန်နဲ့ နစ်သွားတာ။ မောင်မျိုး ရေတွင်းထဲ ကို ကြိုးနဲ့ဆင်းပြီး ဆယ်ခဲ့ပေမယ့် အပေါ်ပြန်ရောက်တော့ ဖိုးလုံး အသက်မရှိတော့ဘူးကွာ”

ငိုသံပါကြီးနဲ့ ပြောရင်း မီးဖိုအရှေ့ကမဲလုံးကို တွေ့တော့ တောက်တစ်ချက် ခေါက်လိုက်တယ်။

ဦးမျိုးက သူ့ပုခုံးပေါ်မှာ ထမ်းလာတဲ့ ကောင်လေးကို အဖေ့ရှေ့ ချပေးလိုက်တယ်။ အဖေက အဲဒီ ကောင်လေးပါးစပ်ကို ကုန်းမှုတ်လိုက် ကောင်လေးရင်ဘက်ပေါ်ကို နားထောင်လိုက်လုပ်နေတယ်။

“အဖေ ရင်တွေကျိုးပါပြီ ငါ့သားရာ။ အဖေ့အမှားတွေပါကွာ။ အဖေ့ကိုခွင့်မလွှတ်ပါနဲ့ကွာ”

အဖေပြောနေတာများ အရူးတစ်ယောက်လိုပဲ။

“အဖေ ဖိုးလုံးက သည်မှာလေ”

“အဖေ ဖိုးလုံးက သည်မှာလေ”

ဖိုးလုံး ထပ်ခါထပ်ခါ အော်ပြောနေပေမယ့် လူတွေအားလုံးက ဖိုးလုံးကို တစ်ယောက်မှ လှည့်မ ကြည့်ကြဘူး။ အဲဒီကောင်လေး အနားပဲ ဝိုင်းနေကြတာ။ ဖိုးလုံးလည်း သူတို့ကို အကြာကြီး အော်ပြော မနေနိုင်ပါဘူး။ လောလောဆယ် အရေးကြီးတာက မဲလုံး အပူလောင်တာ သက်သာဖို့ပဲ။ ဖိုးလုံးရဲ့ ရေစက် လက်ကျနေတဲ့ အင်္ကျီကိုချွတ်ပြီး မဲလုံးကိုပတ်ပေးလိုက်တယ်။

ရေခဲတုံးလို အေးစက်နေတဲ့ ဖိုးလုံးရဲ့လက် တွေနဲ့ မဲလုံးကို ပွတ်သပ်ပေးရင်း စကားတွေ ပြောနေမိတယ်။

“မဲလုံး၊ အပူသက်သာရဲ့လား။ မဲလုံးကို မျောက်မင်းနေတဲ့ တရုတ်ပြည်ကို မထည့်တော့ဘူး သိလား။ ဖရဲခင်းက လူတွေရဲ့ အဝေးကြီးကို သွားပြီး ဖိုးလုံးနဲ့ မဲလုံး အတူတူ နေကြမယ်နော်။ ဖိုးလုံးပြောတာကို နားလည်ရင် အရင်လို အမြီးလေး လှုပ်ပြဦးလေကွာ”

#ဟမ်စိုင်း (ဆေး-မန်း)

၂၀၁၅၊ရင်စူးမြား မဂ္ဂဇင်း ။အမှတ်၅

photo credit…….


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *