အခုလိုအချိန်မှာ ဘာစီးပွားရေး လုပ်ရမလဲ ဆိုသူများအတွက် အရေးကြီးတဲ့အရာ

အခုလိုအချိန်မှာ ဘာစီးပွားရေး လုပ်ရမလဲ ဆိုသူများအတွက် အရေးကြီးတဲ့အရာ

ဘာလုပ်ရမလဲ? လို့ လာမေးကြတဲ့ မိတ်ဆွေတွေ အတွက် ပေါင်းဖြေ လိုက်တာပါ.. Business ပဲ ဖြစ်ဖြစ်၊ ဈေးရောင်းတာပဲ ဖြစ်ဖြစ် တစ်ခုခု လုပ်တဲ့အခါ၊ ဘာလုပ်မှာလဲ? ဆိုတာထက်၊ ဘယ်လောက် ကြာကြာ စွဲစွဲမြဲမြဲ လုပ်မှာလဲ? ဆိုတာက ပို အရေးကြီးပါတယ်။

ဘယ်အလုပ်မဆိုက အချိန်တစ်ခု ဖြတ်သန်းပြီးမှ တည်ငြိမ်တဲ့ အကျိုးအမြတ် ဆိုတာ ရလာတာပါ၊ အစောပိုင်း ကာလတွေဟာ လူအား၊ ငွေအား၊ စိတ်ခွန်အား၊ မိတ်ဆွေအား စသည် စသည် ဖြင့် အရင်းအနှီး များပါတယ်။ ရင်းတော့ ရင်းလိုက်ပေမယ့် အစောပိုင်း ကာလတွေဟာ မြတ်လား ဆိုရင် မလုပ်တတ်သေးတာ၊ မနပ်သေးတာ၊ မိတ်မရှိသေးတာ တွေကြောင့် အမြတ်အစွန်း တကယ်ရဖို့ ခက်ပါတယ်။ အဲဒီမှာ ဆက်မလုပ်ဘဲ ရပ်လိုက်ရင် အပေါ်မှာ ပြောခဲ့တဲ့ အရင်းအနှီး တွေက ဆုံးရှုံးပါတယ်။

အထူးသဖြင့် ဟိုဟာ ရောင်းလည်း အားပေး၊ ဒီ စီးပွားရေး လုပ်လည်း အားပေးနဲ့ ဘေးကနေ ဝန်းရံ ရတဲ့ “မိတ်” ဆုံးရှုံးတာဟာ ပိုဆိုးပါတယ်။

ကလေး ဘဝ တုန်းက အမေ ရွှေသွားဝယ်ရင်၊ ရွှေသွားရောင်းရင် အမြဲလိုက်ရတယ်။ နာမည်ပိုကြီးတဲ့၊ လက်ရာပိုကောင်းတဲ့၊ ပုံဆန်းတဲ့ ဆိုင်တွေထက် အမေ ဝယ်နေကျ၊ ရောင်းနေကျ ဆိုင်တစ်ဆိုင် ကိုပဲ အမြဲသွားတော့ မေးဖူးတယ်။ ဘာလို့ အဲဒီ တစ်ဆိုင်တည်း ဝယ်တာလဲ? ပေါ့နော်။

အမေ ပြန်ဖြေခဲ့တာက အဲဒီဆိုင်က နှစ်ပေါင်းများစွာ တည်တံ့နေတယ်၊ ရွှေ မှာ အဓိက အသက်က ကိုယ်ဝယ်တဲ့ ဆိုင်က ကိုယ် ပြန်ရောင်းတဲ့အချိန် ပြန်ဝယ်ဖို့ပဲတဲ့။ နောက်ပိုင်း နားလည်လာတာ အဲဒီ “ရေရှည်တည်တံ့မှု” ဟာ Brand ရဲ့ ဂုဏ်သိက္ခာပဲ၊ ဒီအချိန် လူတိုင်း တစ်ခုခု လုပ်ချင်ကြတာ၊ လုပ်ဖို့ လိုအပ်တာကို နားလည်ပါတယ်

လုပ်မှ လည်း ဖြစ်မှာကိုး။ အဲဒီတော့ ဘာပဲလုပ်လုပ် ဘာလုပ် မှာလဲ? ဆိုတာ စတွေးကြတာ ထုံးစံပေမယ့် တကယ် အရေးကြီးပြီး အဓိက အလေးပေးဖို့က.. ဘယ်လောက်ကြာကြာ လုပ်မှာလဲ? ဆိုတာကိုပါ၊ ငွေကြေး ဖြစ်စေ၊ နာမည် ဖြစ်စေ အကျိုးအမြတ် ဟာ တစိုက်မတ်မတ် လုပ်မှ နောက်က လိုက်လာမှာပါ။

ဈေးပဲရောင်းရောင်း၊ ဘာပဲလုပ်လုပ် ရေတိုပဲလုပ်ရင် အောင်မြင်မှု က မရတာများပါတယ်။ ကိုယ်ဘာလုပ်နေတာလဲ ဆိုတာကို တစိုက်မတ်မတ် လူတွေစိတ်ထဲ စွဲနေအောင် အမြဲနှစ်ပြီး လုပ်နေရင် အောင်မြင်ဖို့ ရာခိုင်နှုန်းများပါတယ်။

ဘာလုပ်လုပ် တစိုက်မတ်မတ်လုပ်၊ ကိုယ်လုပ်နေတဲ့အရာနဲ့ ကိုယ်နဲ့ တွဲပြီး လူတွေစိတ်ထဲ စွဲနေသည် အထိလုပ်၊ ခင်ဗျားဟာ ဘယ်တော့မှ ကောက်ရိုးမီး တောက်ပြီး ငြိမ်သွားမှာ မဟုတ်တဲ့သူ၊ နောက်မတွန့်ဘဲ အဆုံးထိ သွားမယ့်သူ ဆိုတာမျိုး လူတွေ ယုံကြည်သည် အထိလုပ်။ အဲဒါကြောင့် ကိုယ်ဘယ်လောက် ကြာကြာ သေချာလုပ်မလဲ? ဆိုတာကို အလေးပေး ထည့်စဥ်းစားစေချင်တာရယ်

(မျိုးအိမ်ဇန်)












Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *